ငယ်ငယ်က တောင်တွင်းကြီးက နေ ရန်ကုန်ကိုသွားတဲ့ ရထားခရီးစဉ် ကို သတိရနေပါတယ်။ လယ်ဝေးနား ရောက်တော့ တောင်ကိုဖြတ်ရရဲ့။ အဲဒီမှာ ဆင်ကြီးတွေကို မြင်ရပါ တယ်။ သစ်ဆွဲနေတဲ့ ဆင်ကြီးတွေပါ။ တောထဲတောင်ထဲကိုဖြတ်ရတော့ ပျော်လိုက်မိခြင်း။ ပဲခူးနား ပတ်ဝန်း ကျင်မှာတော့ လယ်ကွင်းတွေ စိမ်း စိမ်းစိုစိုမြင်ရပါတယ်။ ရထားပြတင်း ကကြည့်ရင် ဟိုးအဝေးကြီးက သစ် ပင်တွေ တောအုပ်တွေဟာ ပတ်ချာ လည်ပြီး ရထားနောက်ကို ပြေးလိုက် လာတယ်ထင်ရပါတယ်။ အနီးအနား က ဓာတ်တိုင်တွေ လယ်ကွင်းတွေက တော့ ရထားနောက်ကို ကျန်ခဲ့ပါ တယ်။ ရထားဖြတ်သွားတဲ့အခါ အမြင်တွေ မတူခြင်းပါ။ သစ်ပင်တွေ တောင်တန်းတွေ လယ်ကွင်းတွေက တော့ သူ့သဘာဝအတိုင်း ရှိနေတာ ပါပဲ။
ရထားပြတင်းကကြည့်ရင် မြင် ကွင်း အမျိုးမျိုးပါ။ ဆင်တွေကို တွေ့ ရသလို သစ်ပင်တွေကိုလည်း တွေ့ရ မှာပါပဲ။ သစ်ပင်တွေကို တွေ့ရသလို လယ်ကွင်းတွေကိုလည်း တွေ့ရမှာပါ ပဲ။ တံတားကို ဖြတ်တဲ့အခါ အသံက ပိုပြီးဆူညံပါတယ်။ တွေးမိတာ တစ်ခု တော့ ရှိရဲ့။ အခက်အခဲတစ်ခုကို ဖြတ်တဲ့အခါ ဘ၀ဟာ ပိုပြီး လှုပ်ခတ် သွားတတ်ပါတယ်။
အခုအချိန်မှာ စဉ်းစားကြည့် တော့ မြင်ခဲ့ရပေမယ့် ရခဲ့တာ မရှိ တာတွေလည်း ရှိတာပါပဲ။ ကိုယ့် နောက်ကို လိုက်သလို ထင်ရပေမယ့် တခြားစီဆိုတာ အတွေ့အကြုံအရ သိလာခဲ့ပြီပဲ။ လက်လှမ်းမီလောက် တဲ့အရာတွေကို လက်ဝယ်ပိုင်ဆိုင်ရ နိုင်လိမ့်မယ်ယူဆပေမယ့် နောက်မှာ ကျန်ခဲ့တာတွေလည်း အများကြီးပါ။ ကိုယ်က ဘ၀ရထားပေါ်လိုက်ခဲ့တာ ကိုး။ ကံကြမ္မာသံလမ်းရဲ့ ခေါ်ဆောင် ရာ လိုက်ခဲ့တာကိုး၊ အလွမ်းဘူတာ တွေ နောင်တတရားဘူတာတွေ အောင်မြင်မှုဘူတာတွေလည်း တွေ့ နိုင်တာပေါ့။ ရထားကမှ ရပ်ရမယ့် ဘူတာတွေ ရပ်သေးတယ်။ ဘ၀ရ ထားကြီးကတော့ ဘယ်မှာရပ်မလဲဆို တာ မသိနိုင်တဲ့အခြေအနေပါ။ လမ်း ချော်အုံးမလားဆိုတာလည်း မသိနိုင် ပါ။ အခွင့်အရေးတွေ အချိန်အခါ တွေ ရောယှက်နေတဲ့ဘ၀မှာ ဖျပ်က နဲ ဖျပ်ကနဲ ကျန်ရစ် – ဖျပ်ကနဲ ဖျပ် ကနဲ လွတ်ကျသွားတတ်တာပေါ့။ ရထားပြတင်းဆိုပြီး ကဗျာတစ်ပုဒ် ရေးဖြစ်ပါတယ်။
ရထားပြတင်း
အဝေးက အရာဝတ္တုတွေက
ပြေးလိုက်လာသလို
အနီးက မြင်ရတာတွေက
တရိပ်ရိပ်ကျန်ရစ်
ဘုရားစေတီလည်း ခဏပဲ
မြစ်တွေ ချောင်းတွေလည်း ခဏပဲ
မြင်ရတဲ့ မြင်ကွင်းဟာ ခဏပဲ
လေက လတ်ဆတ်တယ်
သန့်ရှင်းတယ်
ရထားသံတဝေါဝေါမှာ
အလွမ်းကလည်း မြည်တယ်
အော် …ဟုတ်ပါရဲ့
တသက်လုံးရထားပြတင်းမှာ
ထိုင်ခဲ့တာပဲ
ရိပ်ခနဲ ရိပ်ခနဲ နဲ့
ကိုယ်တစ်ယောက်တည်း
မောင်ကြည်သာ (တောင်တွင်း)