ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Exchange Rate) အား ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်များရှိ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားကို တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် USD Liquidity နှင့် MMK Liquidity တို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မေလ (၂၆) ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ဆောင်ရွက်နေပြီး ပြည်တွင်း ဈေးကွက်သို့ USD Liquidity/ MMK Liquidity ကို ဘဏ်များမှတဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity နှင့် MMK Liquidity လိုအပ်ချက်မြင့်တက်ခြင်းကို လျော့ချထိန်းသိမ်းနိုင်ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်နေကြောင်း ဗဟိုဘဏ်ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေ လဲလှယ်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း၊ မဟုတ်မမှန် ကောလဟာလများ ထုတ်လွှင့်ပြီး မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေမှုများရှိနေကြောင်းလည်း ဗဟိုဘဏ်က အသိပေးထားသည်။
ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်အကိုင်ရှာဖွေရေး အစီအစဉ်အရ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် ဘဏ်ငွေလဲကောင်တာများတွင် အသေးသုံး နိုင်ငံခြားငွေများတိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာသုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန် စီစဉ်ထားရှိပြီး ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မဟုတ်မမှန်သတင်းလွှင့်ပြောကြားချက်များကို ယုံကြည်ခြင်းမရှိကြရန်လည်း အသိပေးထားသည်။
ထို့ပြင် မဟုတ်မမှန်သတင်းလွှင့်ပြောကြားသော ဝိသမ လောဘသားများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး မဟုတ်မမှန် သတင်းလွှင့်မှုများနှင့် ဆက်စပ်သတင်းအကြောင်းအချက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Email: gov. office @cbm.gov.mm) ထံသို့ သတင်းပေးပို့တိုင်ကြားနို င်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။