ရခိုင်ပြည်နယ်အတွင်းရှိ၊ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သမဝါယမ/ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က ရေသန့်စက် အလုံး (၂၀၀) ကျော် တပ်ဆင်ပေးထားကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည့် မြို့နယ် (၁၀) မြို့နယ်တွင် ပင်လယ်မုန်တိုင်းဒီရေကြောင့် မြေသားရေစုကန်များ ဆားငန်ရေဝင်ရောက်နိုင်မှု၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ခြေရှိမှု၊ ဒေသခံပြည်သူလူထု၏ ရေလိုအပ်ချက်ရှိမှုကြောင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွေ့လျားရေသန့်ကားများဖြင့် ယာယီပို့ဆောင်ပေးခဲ့ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
ဝန်ကြီးဌာန (၂) ခုမှ ဝယ်ယူထောက်ပံ့ခဲ့သည့် ရေသန့်စက်အလုံး (၂၁၀) ကို စစ်တွေမြို့နယ်တွင် အလုံး (၃၀)၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အလုံး (၂၀)၊ ပေါက်တောမြို့နယ်တွင်(၂၃)လုံး၊ ရသေ့တောင်မြို့နယ်တွင်အလုံး(၅၀)၊ မြောက်ဦးမြို့နယ်တွင် အလုံး(၂၀)၊ ကျောက်တော်မြို့နယ်တွင် (၂၂) လုံး၊ မင်းပြားမြို့နယ်တွင် အလုံး (၂၀)၊ မြေပုံမြို့နယ်တွင် (၁၅) လုံး၊ မောင်တောမြို့နယ်တွင် (၅)လုံး၊ ဘူးသီးတောင်မြို့နယ်တွင် (၅)လုံးကို ထောက်ပံ့ထားကြောင်း သိရသည်။
ဝယ်ယူထောက်ပံ့ပေးခဲ့သည့် ရေသန့်စင်စက်မှာ Life Straw Community ဖြစ်ပြီး ရေသန့်စက်တစ်လုံးလျှင် တစ်နာရီ ရေ (၃) ဂါလန်ခန့် သန့်စင်ပေးနိုင်ပြီး စက်(၁)လုံးသည် လူဦးရေ (၁၀၀) တစ်နေ့တာ သောက်သုံးရန် သန့်စင်ပေးနိုင်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုရန် မလိုအပ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – UNICEF (ပုံအဟောင်း)