အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) အားရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများက သက်ရောက်မှုရှိမည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက အိန္ဒိယသတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ချင်းပြည်နယ် ပလက်ဝနှင့် မီဇိုရမ်ပြည်နယ် ဇိုရမ်ပူကို ဆက်သွယ်သည့် လမ်းဖောက်လုပ်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လဆန်းပိုင်းက အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် BIMSTEC Business Conclave ဘင်းမိစတက် စီးပွားရေးသီးသန့်ဆွေးနွေးပွဲ သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် သွားရောက်ခဲ့ပြီး ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session (ပိတ်ပွဲအခမ်းအနား) သို့ တက်ရောက်ခဲ့စဥ် အိန္ဒိယ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ အစိုးရက ကုလားတန်ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယ – မြန်မာ နှစ်နိုင်ငံအကြား ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပလက်ဝ – ဇိုရမ်ပူလမ်းပိုင်းသည် ကုလားတန်စီမံကိန်း၏ မြန်မာဘက်ခြမ်းတွင် ဆောင်ရွက်နေသည့် နောက်ဆုံးအပိုင်းဖြစ်ပြီး (၁၁၇) ကီလိုမီတာရှည်သည့် နှစ်လမ်းသွားအမြန်ကားလမ်း ဖောက်လုပ်ခွင့်ကို အိန္ဒိယကုမ္ပဏီ IRCON International Ltd. က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်း ရာနှုန်းပြည့်လည်ပတ်ဆောင်ရွက်နိုင်ရေး မကြာမီ စတင်တော့မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာသည့်အပြင် အိန္ဒိယနှင့် နှစ်နိုင်ငံကုန်သွယ်မှုလည်း အသွင်ကူးပြောင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။