မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ ယခင်ခွင့်ပြုထားသည့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခွင့်နှင့် သယ်ယူပို့ဆောင်ရေးအစီအစဥ်များ ပြန်လည်အတည်ပြုနိုင်ရန်အတွက် နစက ထံပြန်လည်တင်ပြထားကြောင်း UNOCHA Myanmar က ထုတ်ပြန်ပြောဆိုထားသည်။
ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်သင့်ပြည်သူများကို အကူအညီများ ပေးနိုင်ရန် ဆိုင်းငံ့ထားခံရဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ကဆိုသည်။
ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံတလွှားတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ အကန့်အသတ်များမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်အကူအညီပေးနိုင်ရန်အတွက် အဟန့်အတားများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ပုံမှန်စီမံကိန်းများ ပြန်လည်စတင်နေသော်လည်း ဆိုင်ကလုန်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်ကို မုန်တိုင်းအပြီး နှစ်လအကြာတွင် ဆိုင်ငံ့ထားဆဲ ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသခံများထံသို့ တိုးချဲ့ကူညီနိုင်ရန်အတွက် တိုက်တွန်းဆော်ဩမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။