ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသိန်း(၂၇၀၀၀)ကျော်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးသည့် တောင်သူများအပါအဝင် ဆောင်းသီးနှံ၊ နှစ်ရှည်သီးနှံနှင့် ဥယျာဉ်ခြံစိုက်တောင်သူများကိုပါ စိစစ်ကာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသိင်္ဂီက နိုင်ငံပိုင်သတင်းမှတဆင့် ပြောကြားချက်အရ သိရသည်။
စပါးသီးနှံအတွက် ဧက (၁၈၀၀၀) ကျော်၊ ဆောင်းသီးနှံ (၈၉၀၀) ဧက ၊ နှစ်ရှည်သီးနှံ နှင့် ဥယျဉ်ခြံ ဧက (၁၃၀၀) ကျော်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သိန်းပေါင်း (၂၇၂၂၉ ) ကျပ် ထုတ်ချေးပေးသွားရန် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ ထုတ်ချေးပေးရာတွင်လည်း ကျေးရွားများရှိအိမ်ခြေအနည်းအများပေါ်မူတည်၍ အိမ်ခြေ (၁၀၀) နှင့်အထက်ရှိသည့် ကျေးရွာများကို ငွေကျပ်သိန်း (၆၀၀)၊ အိမ်ခြေ (၅၀) မှ (၁၀၀) အတွင်း ကျေးရွာများကို ငွေကျပ်သိန်း (၄၀၀)၊အိမ်ခြေ (၅၀) ကျေးရွာများကို ငွေကျပ်သိန်း (၂၀၀) စသဖြင့် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုထုတ်ချေးပေးသည့် ထောက်ပံ့ငွေများသည် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြစ်ပြီး ကျေးလက်နေ စိုက်ပျိုးတောင်သူများအတွက် လိုအပ်နေသည့် သွင်းအားစုများနှင့် နည်းပညာများအတွက် အထောက်အပံ့ရရန် ထောက်ပံ့သည့် ချေးငွေများဖြစ်ကြောင်း ဒေါ်လှသိင်္ဂီက၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများမှ ထုတ်ချေးပေးမည့် ချေးငွေများကို လာမည့် ၂၀၂၃ ခုနှစ် မတ်လအတွင်းမှ စတင်ကာ ကျေးရွာများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေးရယူသည့် တောင်သူများအနေဖြင့် အခြားအဖွဲ့အစည်းများထံမှ ချေးငွေးရယူထားခြင်း မရှိသူများ ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

