ပူတင်နှင့် ရင်းနှီးကျွမ်းဝင်သူ ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗဒက်က ယူကရိန်းစစ်ပွဲမှာ မော်စကို ရှုံးနိမ့်ပါက နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်သည်ဟု နေတိုးအား ဇန်နဝါရီလ ၁၉ ရက် ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။
“သမားရိုးကျ စစ်ပွဲတစ်ခုမှာ နျူကလီးယား အင်အားကြီး နိုင်ငံတစ်နိုင်ငံ ရှုံးနိမ့်တာဟာ နျူကလီးယားစစ်ပွဲကို စတင်စေနိုင်ပါတယ်၊ နျူကလီးယား အင်အားကြီး နိုင်ငံတွေဟာ သူတို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမဲ့ အဓိက အရေးအခင်းတွေမှာ ဘယ်တော့အခါမှ မရှုံးနိမ့်ခဲ့ဖူးပါဘူး” ဟု ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဌ မက်ဗဒက်က တယ်လီဂရမ်ရှိ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
ကရင်မလင်းကလည်း မက်ဗီဒက်၏ ပြောဆိုချက်များသည် မော်စကို၏ အခြေခံမူများနှင့် ကိုက်ညီသည်ဟုဆိုကာ အမြန်ထောက်ခံခဲ့သည်။
ရုရှား၏ အခြေခံမူသည် ၎င်းအား သမားရိုးကျ လက်နက်များဖြင့် ကျူးကျော်တိုက်ခိုက်ပြီး ၎င်း၏ တည်ရှိမှုကို ခြိမ်းခြောက်လာပါက နျူလက်နက်ဖြင့် တိုက်ခိုက်ခွင့်ပေးခြင်းဖြစ်သည်။
ရုရှားသည် နျူကလီးယား ထိပ်ဖူး ငါးထောင်ကိုးရာကျော်ဖြင့် ကမ္ဘာ့နျူထိပ်ဖူး အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်ဟု အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ချုပ်၏ အဆိုအရ သိရသည်။
Source: Aljazeera
