
မဲလ်ဘုန်းဆိုတဲ့မြို့ကြီးဟာ ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်တွင်ရှိသော မြို့ပေါင်း၃၁မြို့နဲ့ ဖွဲ့ စည်းထားတဲ့ ဧရာမမြို့ကြီးဖြစ်ပါတယ်။ ဧရိယာ စကွဲယားမိုင်၃၈ဝဝရှိပါတယ်။ ရန်ကုန်နဲ့ယှဉ်ပြီးပြောမယ်ဆိုရင် ဆူးလေကနေပဲခူးအလွန် ဘုရားကြီး မြို့လောက်အထိ နယ်နိမိတ်ကျယ်ပါတယ်။ လူဦးရေ ၄သန်း ခွဲလောက် ပဲရှိပြီး ကမ္ဘာ့နေထိုင်မှု အကောင်းဆုံးမြို့အဖြစ်၂ဝ၁၆ ခုနှစ်အထိ ၆နှစ်ဆက်တိုက် ရရှိထားတဲ့မြို့ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့လယ်ကောင် ဧရိ ယာစကွဲယားမိုင် ၂.၄ လောက်ရှိတဲ့ ဧရိယာလေးကိုတော့ CBD (central business district) လို့ခေါ်ပါတယ်။ အခုညမှာတော့ ယာရာမြစ်လေးပေါ်မှာ မေးတင်ပြီးရှိနေတဲ့ ဒီမြို့လယ်ကောင်က လမ်းတွေပိတ်ပြီးတော့ အဖြူရောင်ညဆို တဲ့အနုပညာနဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်ထားပြီးအရောင်ပေါင်းစုံ အလင်းရောင်တွေနဲ့ ဒဏ္ဍာရီထဲလာ နတ်သမီးပုံပြင်ထဲကလို ဖန်တီးတင်ဆက်ထားတဲ့ ပွဲလေးကိုရောက် ခဲ့ပြန်ပါတယ်။အနုပညာတွေနဲ့ လွှမ်းခြုံထားတဲ့ ထူးဆန်းထွေလာ ကမ္ဘာလေးဖြစ်အောင်ခေတ္တခဏ ညလေးတစ်ညအဖြစ် ဖန်းတီးထားတာဖြစ်ပါတယ်။ မြို့လယ်ကောင် လမ်းတွေပိတ်ပြီး အလင်းတွေအရောင်တွေ အနုပညာပြကွက်တွေများစွာကြားမှာ စီးမျောနစ်ဝင်ခံစားရတဲ့ခံစားချက်မျိုးက ဖော်ပြရခက်တဲ့ဝေဒနာတစ်ခုလိုပါပဲ။ အဖြူ ရောင်ညပွဲဆိုတာက တကယ်တော့ ပဲရစ်မြို့မှာ၂ဝဝ၂ခုနှစ် က စတင်ခဲ့တဲ့ ညနေမိုးချုပ်စကနေ နောက်နေ့ မနက်မိုးလင်းထိ ကျင်းပတဲ့ အနုပညာ၊ ယဉ်ကျေးမှုပြပွဲ တွေပါတဲ့ ပြင်သစ်လို Nuit Blanche အိပ်မရ တဲ့ညပွဲတော်ကို အတုယူလုပ်ကြတဲ့ပွဲပဲဖြစ်ပါတယ်။ ဒီလိုတစ်ညလုံးကျင်းပတဲ့ပွဲကို ကမ္ဘာ့အခြား မြို့တွေ ဖြစ်တဲ့ ပဲရစ်၊တိုရမ်တို၊ ဆာပါလိုတို့ လိုမြို့ကြီးတွေနဲ့အပြိုင်ကျင်းပကြတဲ့ထဲမှာ မနှစ်ကအထိ မဲလ်ဘုန်းဟာလည်း သြစတြေးလျမှာ ကျင်းပတဲ့တစ်ခုတည်းသော မြို့ဖြစ်ပါ တယ်။ ဒီနှစ်ကတော့မဲလ်ဘုန်းနဲ့ ကီလိုမီတာတစ်ရာကျော်လောက် ဝေးတဲ့ဘယ်လာရက်ဆိုတဲ့မြို့လေးမှာလည်း ကျင်းပတယ်လို့ သိရပါတယ်။ ဒေသဆိုင်ရာနဲ့ အပြည်ပြည် ဆိုင်ရာက အနုပညာရှင်တွေ ဆက်သွယ်ပြီးတော့ အနုပညာဖန်တီးနိုင်မှုစွမ်းအားတွေအားလုးံကို ထုတ်ပြ ကြတဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။
ယဉ်ကျေးမှုနဲ့ အနုပညာဖန်တီးနိုင် မှု ပေါင်းစပ်ပြီးတော့ မဖြစ်နိုင်တာ တွေကို ဖြစ်နိုင်အောင်ပြသသွားတဲ့ အနုပညာပြပွဲဖြစ်ပါတယ်။ လူ၅သိန်း လောက် တက်ရောက်ပါဝင်ဆင်နွဲပြီး တော့၊ အနုပညာရှင်ပေါင်းမြောက် မြားစွာ ပါဝင်တင်ဆက်ထားတဲ့ အနု ပညာယဉ်ကျေးမှုပွဲတော်ကြီးဖြစ်ပါတယ်။ ငါးနှစ်မြောက်ကျင်းပတဲ့ဒီပွဲကတော့ မြို့လယ်ကောင်ကလမ်းတွေ၊ ဘူတာရုံ၊ တက္ကသိုလ်၊ စာကြည့် တိုက်၊ မြို့တော်ခန်းမ၊ ပန်ချီပြခန်း၊ထင်ရှားတဲ့အဆောက်အအုံတွေ အားလုံးကို အသုးံပြုပြီးတော့ အ လင်းရောင်အမျိုးမျိုးနဲ့ ပြတဲ့ Visual Art (စက္ခုအနုပညာ)၊ Installation အနုပညာ၊ ပန်းပု၊ ပန်းချီ၊ ဒီဇိုင်း၊ တေးဂီတ၊ အက၊ ရုပ်ရှင်အနုပညာ ပုံစံအားလုးံနဲ့ street performance အမျိုးမျိုးကို ရောစပ်ပေါင်းဖက်ပြီးတော့ ယဉ်ကျေးမှုတွေကို ပြသတဲ့ပွဲ ကြီးဖြစ်ပါတယ်။ အများဆုံးတွေ့ရပြီး ဆွဲဆောင်မှုပေးတာကတော့ ဘူတာရုံ၊ ဘုရားရှိခိုးကျောင်းလို ထင် ရှားတဲ့ အဆောက်အအုံ အကြီးကြီး တွေကို နောက်ခံထားပြီး ပရောဂျက်တာတွေနဲ့ ထိုးပြီးပြသွားတဲ့ အနုပညာ ပြကွက်တွေပဲဖြစ်ပါတယ်။ ပရောဂျက်တာတွေနဲ့ ထိုးပြတဲ့ projection mapping (ဒါမှမဟုတ်) video mapping လို့လည်းခေါ်တဲ့ ပြင်ညီမဟုတ်တဲ့အပြင်၊ အဖြူရောင်လည်း မဟုတ်တဲ့ အဆောက်အအုံကြီးတွေ ပေါ်မှာ နည်းပညာအကူညီနဲ့ ဆလိုက်ထိုးပြသွားတဲ့ ပြကွက်တွေက အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ပြကွက် တွေဖြစ်ပါတယ်။
နောက်ခံမညီတဲ့ အဆောက်အအုံကြီးတွေပေါ်မှာ ဆလိုက်ထိုးလိုက်ပေမယ့် ရွဲ့စောင်းသွားခြင်းမရှိဘဲ၊ လှုပ်နေတဲ့ အရုပ်တွေရယ် သုံးဖက်မြင် ရုပ်လုံြး<ွက ပုံရိပ်တွေ ပေါင်းစပ်ပြီးပြသွားတဲ့ ပြကွက်တွေဟာ စိတ်လှုပ်ရှားစရာပါ။ တစ်ဟုန်ထိုး ပြေးလွှားနေတဲ့ ပုံရိပ်တွေကို နောက်ခံစကားပြောတွေနဲ့ပါပေါင်းစပ်ပြီး ဗီဒီယိုပြကွက်လိုမျိုး ပြသွားတာကို ကြည့်နေရင်း အသက်ရှူဖို့တောင် မေ့သွားသလိုခံစားရတဲ့နောက်ဆုံးပေါ် နည်းပညာအကူညီတွေနဲ့ အနုပညာပေါင်းစပ်ပြီး ကျွမ်းကျင်လိမ္မာစွာ ပြသွားတဲ့ပြကွက်ဆန်းများဖြစ်ပါတယ်။ ဘယ်လာ ရက်ဆိုတဲ့မြို့လေးက မူရင်းဌာနေတိုင်းရင်းသား ပန်းချီ ပညာရှင်တစ်စုနဲ့ ဖွဲ့ထားတဲ့ Pitcha Makin Fellas ဆိုတဲ့ အဖွဲ့ရဲ့အရောင်ရင့်ရင့်ပန်းချီ ကားချပ်ကပုံစံကို The Electric Canvas ဆိုတဲ့ ကမ္ဘာ့အသိမှတ်ပြု သြစတြေးလျရဲ့ ဗိသုကာပုံဆောင် ပြစက်အဖွဲ့ရဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ ပြကွက်ကတော့ ရင်သက်ရှုမောလို့ဆိုရပါမယ်။ မြို့လယ်ကောင်က ဘူတာကြီးကို နောက်ခံထားပြီး ဆလိုက်ထိုးပြတဲ့ More than 1 Nation ဆိုတဲ့ပြကွက်ကနေ ဥရောပ ကိုလိုနီတွေမရောက်ခင်အထိ ကွဲပြားစွာရှိနေတဲ့ မူရင်းဌာနေတိုင်းရင်းသား အစုဖွဲ့လေးတွေ ကိုယ်ပိုင်အုပ်ချုပ်မှု ပုံစံနဲ့ နေထိုင်ခဲ့ကြပုံတွေကို လျှပ်စစ်ပန်းချီကားကို နောက်ခံသမိုင်း အသံပြောထည့်ပြီး တင်ဆက်သွားတာဟာထူးခြားတဲ့တင်ဆက်မှုတစ်ခုလို့ဆိုရမယ်။ အနုပညာစိတ်ကူး၊ စိတ်သန်းကို နည်းပညာကျွမ်းကျင် မှုနဲ့ ပေါင်းစပ်ပြီး တင်ဆက်ထားတဲ့ ပြကွက်ရဲ့အတွေ့အကြုံကတော့ ဖော်ပြဖို့ ခဲယဉ်းတဲ့ ခံစားချက်နဲ့ စက္ခုပသာဒ တစ်မျိုးလို့ ဆိုချင်ပါတယ်။
ညရဲ့ စီးချက်များဆိုတဲ့ပရောဂျက် ပြကွက်ကတော့ အဆောက်အအုံပိုကြီးတဲ့ Royal Exhibition Building ကိုနောက်ခံထားပြီး ပြသွားတာပိုပြီးတော့ မျက်စိပသာဒ ဖြစ်စရာပါ။ ပကတိအမှန်တရားကနေ သွေဖယ်ပြီး အိပ်မက်ဆန်ဆန်စိတ်ကူးယဉ်မှုတွေကို သရုပ်ဖော်သွားပြီးတဲ့နောက် ရုတ်တရက်အိပ်မက်က နေလန့်နိုးပြီး ပကတိလူ့ဘောင် လောကကို ပြန် ပုတ်ခေါ်သွားတဲ့ပြကွက်တွေနဲ့ဖော်ကျူးထားတဲ့ပြကွက်ကလည်း ခန့်ညားတဲ့ ပြကွက်ဆန်းတစ်ခုပါ။
နောက်ထပ်ကြိုက်တဲ့ ပြကွက်တစ်ခုကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပါရမီရှင်အဆိုတော်ပရင့်စ်ရဲ့ ခရမ်းရောင်မိုးသီချင်းနဲ့ ရုပ်ရှင်ကိုမှီငြမ်း ပြီးတော့ နာမည်ကြီး ပြင်သစ်စက္ခုအနုပညာရှင် Pierre Ardouvin စီစဉ်တင်ဆက်ထားတဲ့ ခရမ်းရောင်မိုးဆိုတဲ့ တင်ဆက်မှုကလည်း တစ်မျိုးတစ်ဘာသာ။ ရင်ခုံဖွယ်ရာအမြင် အာရုံနဲ့ ဖန်တီးထားတဲ့ ခရမ်းရောင် မိုးဖွဲလေးတွေအောက်မှာ နောက်ခံတီးလုံးနဲ့ တွဲဖက်ထားတဲ့ဆွဲဆောင်မှုကြောင့် ထီးအကြည်ရောင်လေး တစ်ချောင်းကို ဆွဲယူပြီး လမ်းသလား ရတဲ့ အရသာကလည်းဘာနဲ့မှမတူတဲ့ ခံစားမှုပါ။ ရင်သပ်ရှုမောမှုနဲ့ လွမ်းဆွတ်မှုဝေဒနာကြား ခံစားလို့အရမ်းမိုက်တဲ့ တကယ့်တဒင်္ဂနဲ့မေ့မရနိုင်တဲ့ ခရမ်းရောင်မိုးအောက်ကခံစားချက် ဖြစ်ပါတယ်။ ညမှောင်လာတာနဲ့ ထွင်းဖောက်မြင်ရတဲ့ ကုဗတုံးပုံထဲက အလင်းရောင်တွေ ဖြာထွက်လာပြီး ပရိသတ်ထဲကနေ အဲဒီကုဗတုံးထဲဝင် ပြီး ကောင်းကင်ဘုံကိုခံစားရမယ်ဆိုတဲ့ Enlighten ဆိုတဲ့ ပြကွက်ကလည်း ဟာသလိုလိုဘာလိုလို။
ဇီဝဗေဒသိပ္ပံကလာတဲ့ မျိုးဗီဇ တွေ၊ ဆဲလ်တွေနဲ့အနုပညာပေါင်း စပ်ထားတဲ့ Morbis Artis: Diseases of the arts ဆိုတဲ့ ဇီဝအနုပညာ (bio-art) ဆိုတဲ့ပြကွက်ကလည်း ကိုယ်တွေတစ်ခါမှ မကြားဖူးသေးတဲ့ အနုပညာတင်ဆက်မှုလို့ဆိုရပါမယ်။ ကိုယ်တွေလို နလပိန်းတုံး တစ်ယောက်အနေနဲ့ ၂ မိနစ်လောက်ပဲကြည့်လို့ရတဲ့ ဒီပြကွက်လေးကို ၁နာရီလောက်တန်းစီပြီး စောင့်ကြည့်တဲ့ ဒီလူအုပ်ကြီးရဲ့အနုပညာ ခံစားတတ်မှုရေချိန်က အံ့သြစရာဖြစ်ပါတယ်။ အနုပညာအကြောင်း သိပ်မသိတဲ့၊ စာပေနဲ့ ဂီတလောက်ကိုသာခံစားတတ်၊ ခံစားဖူးတဲ့ကျွန် တော့်လိုလူတစ်ယောက်အတွက်ကတော့တကယ့်ကိုအံ့ဘနန်းခေတ်ပြိုင် အနုပညာပုံစံသစ်တွေကို ကြည့်ခွင့်ခံစားခွင့်ရတဲ့ပွဲကြီးလည်း ဖြစ်ပါတယ်။ အနုပညာဆိုတာခံစားနားလည်တဲ့သူအပေါ်မှာမူတည်ပြီး ဝေဒနာတစ်မျိုးမျိုးကျန်နေအောင်လုပ်တာလို့နားလည်ထားတော့  ကျွန်တော့်ဝေဒနာနဲ့ အခြားသူရဲ့ဝေဒနာအတိမ်အနက် ကွာနိုင်ပါတယ်။ အနုပညာတစ်ခုကို ကြည့်တယ်၊ မြင်တယ်၊ တွေးတောစဉ်းစားတယ် ဆိုတဲ့ အဆင့်တိုင်းကိုဖြတ်သန်းပြီး ဖြစ်နိုင်ချေရှိတဲ့ နားလည်မှုကို ကိုယ့်ဘာသာ အဖြေရှာရတဲ့ဖြစ်စဉ်တစ်ခုဆိုတော့လည်း အတိအကျမှန် တယ်ဆိုတဲ့အဖြေပေးနိုင်ဖို့ သိပ်မကျိန်းသေဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ ကြုံကြိုက်တဲ့အခါ ဖေဖော်ဝါရီလရဲ့ နွေညတစ်ညမှာအရမ်းလှတဲ့ မဲလ် ဘုန်းမြို့ရဲ့ အရောင်သွေးစုံတွေရဲ့ ကြားမှာ ခံစားတတ်တဲ့ နှလုံးသား တစ်စုံနဲ့ အနုပညာယဉ်ကျေးမှုကို ခံစားဖို့ လာရောက်လည်ပတ်ကြပါ လို့ ဖိတ်ခေါ်ချင်ပါတယ်။
ချစ်ကို (မဲလ်ဘုန်း)
