ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယနေ့ နိုဝင်ဘာ ၂၇ ရက်က ကားမီးလောင်မှုအပါအဝင် မီးလောင်မှု(၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်များမှာ ည ၇ နာရီ ၁၅ မိနစ်ခန့်က အင်းစိန်မြို့ နယ်၊ ဇီးကုန်းအရှေ့ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်း တွင် ကားမီးလောင်မှုဖြစ်ပွား၍ အင်းစိန်းမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၁၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ည ၆ နာရီ ၂၀ မိနစ်ကျော်ခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ရှင်ထွေးညိုလမ်း တွင်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီကျော်ခန့်ကလည်း ပန်းဘဲတန်းမြို့ နယ်၊ ၄ ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်မှုဖြစ် ပွား၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၅ မိ နစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၇ နာရီ ၁၄ မိနစ်ကလည်း မရမ်းကုန်းမြို့ နယ်၊ အမှတ်(၇)ရပ်ကွက်၊ သာလာဝတီလမ်းတွင်နေ အိမ်မီးလောင်မှုဖြစ်ပွား၍ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီ ၂၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်ည ၈ နာရီကျော်ခန့်ကလည်း အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးတွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ ည ၈ နာရီ ၄၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
