မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသွားမည့် မြန်မာ၊ အင်ဒိုနီးရှားနှင့် မကာအိုအသင်းတို့ ယနေ့ အောက်တိုဘာ (၁၃) ရက်မှ (၁၇)ရက်အထိ ယှဉ်ပြိုင်ကစားသွားကြတော့မည်ဖြစ်သည်။
မြန်မာယူ-၁၇အသင်းနည်းပြချုပ် Kumiko Tashiro က “အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်လို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကစားသမားတွေကိုလည်း ပြင်းပြင်းထန်ထန်ကြိုးစားဖို့နဲ့ ရည်မှန်းချက်ကိုယ်ဆီထားဖို့ ပြောထားပါတယ်။ ဖိအားရှိပေမယ့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ (၃)လတာကာလအတွင်း ကစားသ မားတွေရဲ့ ခြေစွမ်း၊ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ပြုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းသာမက ကွင်းပြင်ပမှာလည်း အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိအောင် သင်ကြားပေးခဲ့ပါတယ်။ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာ ဖြစ်ပါတယ် ” ဟု ပွဲကြိုသတင်းစကားပါးသည်။
အင်ဒိုနီးရှားအသင်း နည်းပြချုပ် Timo က ” ကစားသမားတွေကို အချိန်ပေးရွေးခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်ကစားသမားတွေကို ပွဲများများကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက နုတ်ထွက်သွားတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့ထက် အမျိုးသမီးတွေ ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့၊ ခြေစွမ်းတိုးတက်လာဖို့ ပိုအလိုရှိပါတယ်” ဟု ဆိုသည်။
အလားတူ မကာအိုအသင်းနည်းပြချုပ် Chen Yan ကလည်း “အသင်းက ကစားသမားအများစုက ကျောင်းသားတွေ ဖြစ်ကြပြီး အပျော်တမ်းကစားနေကြသူတွေပါ။ လူရွေးချယ်ရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ အချို့ကစားသမားတွေဆိုရင် ဖူဆယ်ကစားနေသူတွေပါ။ ကစားသမားအများစုက သင်ယူရဦးမှာဖြစ်လို့ စိန်ခေါ်မှုတွေအများကြီးရင် ဆိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရဖို့ထက် ဘောလုံးကိုပျော်ရွှင်အောင် ဘယ်လိုကစားရမလဲဆိုတာသင်ယူဖို့ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပွဲစဉ်များအရ အောက်တိုဘာ (၁၃)ရက်၌ မကာအိုအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပဒေသာကွင်းအတွင်း၌လည်း
ကောင်း၊ အောက်တိုဘာ (၁၅)ရက်နေ့တွင် မြန်မာနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်းအတွင်းလည်းကောင်း၊ အောက်တိုဘာ (၁၇)ရက်တွင် မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့ အသီးသီးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
