တရုတ် – မြန်မာနယ်စပ် ရွှေလီမြို့အဝင်တွင် တရုတ်ရဲတပ်ဖွဲ့က စစ်ဆေးမှုများကို တင်းကြပ်လုပ်ဆောင်နေသည့်အတွက် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံရမှုများရှိနေကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
တရုတ်နယ်စပ်မြို့ ဖြစ်သည့် ရွှေလီမြို့အဝင် အကောက်ခွန်ဂိတ်နှင့် ရွှေလီနှင့် ကျယ်ခေါင်ကြား တံတားထိပ်တွင် တရုတ်ရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးမှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုတိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခုစစ်ဆေးမှုသည် မြန်မာနိုင်ငံအတွင်းမှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ အဓိကထား စစ်ဆေးနေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
” တံတားအကျော်ပေါ့ ၊ ရွှေလီမြို့ထဲအဝင်ပေါ့။ အဲဒီတစ်ခုတည်း စစ်တာတော့ မဟုတ်ဘူး ၊ နယ်စပ်ပေါက်တွေ အကုန် ရှောင်တခင်စစ်တာပေါ့။ မြန်မာပြည်က လာတဲ့သူတွေ မူးယစ်ဆေးဝါး သုံးလာမလာ။ ဆီးစစ်တာတို့ သူတို့ရဲ့ စစ်ဆေးတဲ့ ကိရိယာနဲ့ စစ်တယ်ပေါ့ဗျာ။ တကယ်လို့ မူးယစ်ဆေးဝါး သုံးထားလို့ မိရင် အရင်တုန်းက (၂) နှစ် ၊ အခုဆိုရင် ထောင်(၅) နှစ်ကျတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးစဉ် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိပါက အစစ်အဆေးအမေးအမြန်းမရှိဘဲ မူးယစ်ဆေးဝါးဖြတ်သည့် ထောင်သို့ ပို့ဆောင်ခြင်း ခံရမည်ဖြစ်ပြီး ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ဆေးနေမှုသည် ရှောင်တခင် စစ်ဆေးနေခြင်းဖြစ်ပြီး နေ့စဉ်စစ်ဆေးခြင်းမျိုး မဟုတ်သော်လည်း ယခင်ကထက် ပိုမိုတင်းကြပ်မှုများ ရှိနေပြီး မြန်မာနိုင်ငံသား ဆယ်နှင့်ချီ ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။
ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါး ရှောင်တခင်စစ်ဆေးမှုကို ဝမ်တိန်နယ်စပ်ကုန်သွယ်ရေးဂိတ် ၊ ချင်းရွှေဟော်နယ် စပ်ဂိတ် ၊ မူဆယ်နယ်စပ်ဂိတ်စသည့် နယ်စပ်ဂိတ် (၃) ခုတွင်လည်း ရှောင်တခင် စစ်ဆေးသွားရန် ရှိကြောင်းလည်း သိရသည်။