ယခုနှစ် ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကပေါင်း ၁၅၃၀၀၀ ကျော် ထိရှိပြီး ပျက်ဆီးဧကပေါင်း ၂၇၀၀၀ ကျော်ထိရှိ
နေပြည်တော် စက်တင်ဘာ ၂၂
ယခုနှစ် ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကပေါင်း ၁၅၃၀၀၀ ကျော် ထိရှိပြီး ပျက်ဆီးဧကပေါင်း ၂၇၀၀၀ ကျော်ထိရှိထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်မိုးကာလအတွင်း နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံများ ဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧက များရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ ဇွန်၊ ဇူလိုင်လပိုင်းမှစ၍ စက်တင်ဘာလ ၁၅ ရက်နေ့ထိတွင် နိုင်ငံတစ်ဝန်းမိုးစပါးစိုက်ဧကပေါင်း ၁၅၃၀၀၀ ကျော်မှာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ပျက်ဆီးခဲ့သည့် စိုက်ဧကပေါင်း ၂၇၀၀၀ ကျော်ထိရှိခဲ့ကြောင်း၊ အဆိုပါ ရေနစ်မြုပ် မှုဖြစ်ပေါ်သည့် မိုးစပါးစိုက် ဧက များတွင် ဧက ၁၃၉၀၀၀ ကျော်ပြန်ပေါ်ပြီးဖြစ်ကြောင်း သိရသည်။
“ ဒီ မိုးစပါးစိုက်ဧကတွေ ရေကြီးနစ်မြုပ်မှုက အရင်နှစ်တွေနဲ့ ယှဉ်ရင်တောင် ဒီနှစ်က သဘာဝဘေးလို့ ပြောလို့မရပါဘူး။ သာမန်မိုးရွာ လို့ရေနစ်မြုပ်မှုလို့ပဲပြောရမှာပါ။ ဒီနှစ်ထဲမှာ အများဆုံး ရေနစ်မြုပ်မှုဖြစ်ပေါ်တာက တိုင်းနဲ့ပြည်နယ် လေးခုလောက်ပဲရှိပါတယ်။ ကျန်တာ က နည်းပါတယ်။ အများဆုံးက မွန်ပြည်နယ်မှာ နစ်မြုပ်မှုအများဆုံးပါ။ မွန်ပြည်နယ်အတွက် မျိုးစပါးထောက်ပံ့ဖို့လည်း စီစဉ်ထားပါတယ်။ ရေကြီးနစ်မြုပ် ပျက်ဆီးလို့ ပြန်စိုက်ပျိုးပြီးတာက ဧက ၁၂၀၀၀ ထိရှိပါပြီ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ နိုင်ငံတစ်ဝန်းရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကများအနက် မွန်ပြည်နယ်တွင် ဧက ၄၀၀၀၀ ကျော်၊ ရခိုင်ပြည်နယ်တွင် ဧက ၂၇၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၁၇၀၀၀ ကျော်နှင့် ကချင်ပြည်နယ်တွင် ဧက ၁၄၀၀၀ ကျော်တို့ အများဆုံး နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Photo credit _ Mon News Agency