နေပြည်တော် ဇွန် ၆
၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံ အတွက် တစ်ဧက ကျပ် ၁၀၀၀၀၀ နှုန်းတို့ဖြင့် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးပေးလျက် ရှိရာ ဧက ၇၀၀၀၀ ကျော်အတွက် ငွေကျပ် သန်း တစ်သောင်း ကျော်ခန့်ကို ဇွန်လ ၄ ရက်နေ့ထိ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။
၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိနေပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထိုသိုထုတ်ချေးပေးရာတွင် ၂၀၂၀ ပြည့်နှစ်က ထုတ်ချေးပေးခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေဟောင်များ ပြန်ဆပ်ပြီးသည့် တောင်သူများကိုသာ ထုတ်ချေးပေးနေခြင်းဖြစ်ပြီး ယခုနှစ် စတင်ထုတ်ချေးချိန် မှစ၍ ဇွန်လ ၄ ရက်နေ့ထိ စာရင်းများအရ ဧကပေါင်း ၇၀၀၀၀ ကျော် အတွက် မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံ တစ်ဧက ကျပ် ၁၀၀၀၀၀ နှုန်းတိုဖြင့် စုစုပေါင်း ငွေကျပ် သန်း တစ်သောင်း ကျော် ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။
” ကြွေးဟောင်း မဆပ်ရသေးတဲ့တောင်သူတွေလဲ ရှိနေပါသေးတယ်။ ဘဏ်တွေကို လာရောက် ဆက်သွယ်ပေးကြဖို့ လိုပါတယ်။ ခုထုတ်ချေးပေးနေတာက ပြီးခဲ့တဲ့နှစ်က ချေးငွေဟောင်း ပြန်ဆပ်ပြီးတဲ့ တောင်သူတွေကို စပြီး ထုတ်ချေးပေးနေတာပါ။ တောင်သူဉ်ီးရေ ဘယ်လောက် ထုတ်ချေးတယ်။ ချေးငွေဆပ်ဖို့ ဘယ်လောက်ကျန်သေးတယ် ဆိုတာက အတိအကျပြောပြဖိုတော့ ခက်နေပါသေးတယ်။ ဇွန်လ ၄ ရက်နေ့ထိ ကတော့ ငွေကျပ် သန်း ၁၀၀၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးပါပြီ” ဟု မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ် စတင်တည်ထောင်သည့် ၁၉၅၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါး စိုက်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုး ဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊ နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂ သန်း၊ ၂၀၁၆-၂၀၁ရဘဏ္ဍာ နှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊ နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊ နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊ နွေစပါး ၂ ဒသမ ၇၈သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ဒသမ ၉၈ သန်း၊ နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားကြောင်း သိရသည်။