ယခုတစ်ပတ် နိုဝင်ဘာ(၂၁)ရက်မှ (၂၇) ထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၆၃၃၀)ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်တွင် တစ်ပိဿာ ကျပ်(၆၃၅၅)ကျပ်ဖြစ်ပြီး ယခုတစ်ပတ်တွင် ဈေးအနည်းငယ် ထပ်မံ ကျဆင်းလာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင်း အခြေခံဈေးမှာ တစ်ပိဿာ (၆၅၈၅)ကျပ် ရှိခဲ့ပြီး အခုနိုဝင်ဘာလ ပထမအပတ်မှစတင်ကာ ဈေးအနည်းငယ်ကျဆင်းလာခဲ့ပြီး နိုဝင်ဘာ ပထမ အပတ်က ကျပ် (၆၄၀၀) ၊ ဒုတိယ အပတ်တွင် ကျပ်(၆၄၁၀)ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့်စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
