ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်ရှိ ရန်အောင်ကားမှတ်တိုင်တွင် ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက ကားစောင့်နေသည့် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်အလုခံရပြီး ဓားဖြင့်ပါထိုးခံခဲ့ရသည်ဟု ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။
ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က အမည်မသိအမျိုးသားများက ဒေါပုံမြို့နယ်၊ရန်အောင်ကား မှတ်တိုင်တွင် ကားစောင့်နေသည့် အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသမီး၏ပိုက်ဆံအိတ်အား လုယက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လုယက်စဥ် အမျိုးသမီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ပိုက်ဆံအိတ်လုသူများက အမျိုးသမီးအား ဓားဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“ကျောနဲ့ခါးမှာ ဓားထိုးခံထားရတယ် ၂ ချက်ပေါ့ ကောင်မလေးကကားစောင့်နေရင်းဖြစ်သွားတာ အသက်(၁၀)နှစ်လောက်ရှိတဲ့ သူ့မောင်လေးလည်းပါတယ် ပိုက်ဆံအိတ်လုတဲ့လူတွေက ပိုက်ဆံအိတ်လုတဲ့အချိန် ကောင်မလေးကအော်တော့ ဓားနဲ့ထိုးပြီးထွက်ပြေးသွားကြတယ် ဓားကအခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြောသည်။
ဖြစ်စဥ်တွင် ဓားဖြင့်ထိုးခံခဲ့ရသည့် အမျိုးသမီးအား ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အတင့်ရဲလာနေသည့် ခိုးဆိုးလုနိုက်များ ကင်းစင်သွားဖို့အတွက် အဖြေများကိုအားလုံးက ရူ့ထောင့်စုံမှ စဥ်းစားလုပ်ဆောင်ကြရမည် အချိန်ပင်ဖြစ်သည်။
