မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရရှိထားသကဲ့သို့ ရက်ရှည်လများ ဖွင့်လှစ်လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများအား ထိရောက်စွာ တားဆီးပိတ်ပင်ပေးရေးအဆိုကို မွန်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။
ထောက်ခံဆွေးနွေးချက်များအပေါ် အခြေခံ၍ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
