Omphalopagus Type ရင်ချင်းဆက်အမြွှာကလေးငယ်များ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်၊ ခွဲစိတ်ခွဲထုတ်ကုသနိုင်ရေး အထူးကုဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေ
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာ (Omphalopagus Type) မိန်းကလေးနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး လက်ရှိတွင် ကလေးငယ်နှစ်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကာ ဆက်လက်ခွဲစိတ်ခွဲထုတ်ကုသနိုင်ရေးအတွက် အထူးကုဆေးပညာရှင်များ ပါဝင်သည့် ဆေးကုသရေးအဖွဲ့က စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဒေါ်ပပလှိုင်သည် သားဦးအမြွှာကိုယ်ဝန်ဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူနေစဉ် ကိုယ်ဝန် ၃၂ ပတ်ကျော်အချိန်၌ ရေမွှာပေါက်ခဲ့သဖြင့် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လွှဲပြောင်းကုသခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့ ည ၇ နာရီ ၅ မိနစ်တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆေးဘက်ဆိုင်ရာအဖွဲ့က ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ကလေးငယ်နှစ်ဦးမှာ ဝမ်းဗိုက်ပိုင်းချင်း ဆက်နေသည့် Omphalopagus Type ရင်ချင်းဆက်အမြွှာများဖြစ်ကြောင်း သိရသည်။
ကလေးငယ်များမှာ လမစေ့မီ မွေးဖွားခဲ့သည့်အပြင် ရင်ချင်းဆက်အမြွှာများဖြစ်သဖြင့် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကာ လိုအပ်သည့် ဆေးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၈ ရက်တွင် ကလေးငယ်နှစ်ဦးအား ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း) သို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး မွေးကင်းစအထူးကြပ်မတ်ကုသဌာန၌ ဆက်လက်ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။
ရင်ချင်းဆက်အမြွှာကလေးငယ်များအား ခွဲစိတ်ခွဲထုတ်ကုသမှု (Separation Surgery) ဆောင်ရွက်နိုင်ရေးအတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း) တို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းကာ ဆက်လက်ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
