မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကိုတန်ပြန်နိုင်ရန် ကာကွယ်ရေးစွမ်းရည်မြှင့်တင်သွားမည့် တောင်ကိုရီးယား
စင်္ကာပူ၊ ဇွန် ၁၂ ရက်
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆွပ် က မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှု အန္တရာယ်အား တန်ပြန်နိုင်ရန်အတွက် ၎င်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ကာ အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက် တနင်္ဂနွေ့နေ့၌ ပြောကြားခဲ့သည်။
စင်္ကာပူ၌ ပြုလုပ်နေသော အာရှလုံခြုံရေးအစည်းဝေးတွင် လီ က ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပေါ်နေသော လတ်တလောအခြေအနေများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်လာ၍ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ထုတ်လုပ်မှုနှင့် ဒုံးကျည်စမ်းသပ်မှု အစီအစဉ်များအား ချက်ချင်းရပ်တန့်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အမေရိကန်မှမြောက်ကိုရီးယားကို ကန့်သတ်ချက်တိုးခြင်းများ အကောင်အထည်ဖော်ရာတွင် တောင်ကိုရီးယားအစိုးရကလည်းအားဖြည့်ပါဝင်မည်ဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုအပေါ် တန်ပြန်နိုင်စွမ်းကောင်းရန်အတွက် တောင်ကိုရီးယားစစ်တပ်၏ ကာကွယ်ရေးစွမ်းရည်ကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအား တုံ့ပြန်နိုင်ရန်အတွက် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေလိုကြောင်း လီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားဘက်မှ ၎င်း၏ နျူကလီးယားလက်နက်ထုတ်လုပ်မည့် အစီအစဉ်များအား ရပ်တန့်မည်ဆိုပါက တောင်ကိုရီးယားဘက်မှ စီးပွားရေးဆိုင်ရာ အကူအညီများပေးသွားမည် ဖြစ်ကြောင်းလည်း လီက ပြောကြားခဲ့သည် ဟု သိရသည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်စွမ်းရည် တိုးတက်လာမှုအား ယခုနှစ်အတွင်း လက်နက်စမ်းသပ်ခြင်း အနည်းဆုံး ၁၈ ကြိမ် ပြုလုပ်၍ ပြသခဲ့သည်။
Source: Reuters