မြောက်ကိုရီးယားရန်ကာကွယ်ရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားမှ ခေါင်းဆောင်များ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်
မက်ဒရစ်၊ ဇွန် ၂၉ ရက်
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်နေကာ ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောတို့သည် မက်ဒရစ်မြို့၌ ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေး၏ အပြင်ဘက်တွင် သီးသန့်တွေ့ဆုံခဲ့ကာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များသည် ကိုရီးယားကျွန်းဆွယ်သာမက အရှေ့အာရှနှင့် ကမ္ဘာတစ်ဝန်းကိုပါ ခြိမ်းခြောက်မှုဖြစ်စေကြောင်း သဘောတူညီခဲ့သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး နောက်ထပ် နျူကလီးယားစမ်းသပ်မှုအတွက်ပါ ပြင်ဆင်နေကြောင်း သိရသည်။
သုံးနိုင်ငံခေါင်းဆောင်များသည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များမှုနှင့်အတူ အထူးသဖြင့် အမေရိကန်စစ်တပ်၏ နျူကလီးယားအင်အား အကူအညီကိုယူကာ ၎င်းတို့အပေါ် ကျရောက်လာမည့် မြောက်ကိုရီးယား၏ အန္တရာယ်များကို တားဆီးကာကွယ် သွားမည်ဖြစ်ကြောင်း သိရသည်။
သုံးနိုင်ငံ၏ နျူကလီးယားလက်နက် တားဆီးကာကွယ်ရေး စွမ်းရည်များကို မရှိမဖြစ်လိုအပ်ချက်အဖြစ် ပူးပေါင်းအဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ ခေါင်းဆောင်များသည်လည်း နေတိုး၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအား လေ့လာသည့်အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်အား ဂျပန်တို့သိမ်းပိုက်ခဲ့သည့် ၁၉၁၀ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်အတွင်း အဖြစ်အပျက်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမားနေခဲ့ကာ တောင်ကိုရီးယား၏ သမ္မတ မွန်ဂျယ်အင် လက်ထက်တွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိခဲ့သည်။
သို့ရာတွင် ယခုလက်ရှိသမ္မတ ယွန်းမှ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်လိုကြောင်း ပြောကြားခဲ့ကာ ကီရှီဒါကလည်း ကျေနပ်စွာ ပြန်လည်တုံ့ပြန်ပုံရသည်။
Source: Reuters