မြောက်ကိုရီးယားသည် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တာတိုပ-စ် ပဲ့ထိန်းဒုံးကျည်အများအပြားကို ပ-စ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ဆိုးလ်က အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးကို လက်ခံကျင်ပရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီးယားသည် ယင်းသို့ လက်နက်ပ-စ်လွှတ်မှုများ ထပ်လုပ်လာနိုင်သည်ဟု ပညာရှင်များက သတိပေးခဲ့သည်။
အေပက်ထိပ်သီးအစည်းအဝေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက တောင်ကိုရီးယားနိုင်ငံ ဂျွန်းဂျူးမြို့သို့ စုရုံးရောက်ရှိမလာမီ တစ်ပတ်အလို ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဒုံးကျည်များ ပ-စ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်ပင်လယ်ဟုလည်း သိကြသော အရှေ့ပင်လယ်ကို ဦးတည်ပ-စ်လွှတ်ခဲ့သည့် တာတိုပ-စ် ပဲ့ထိန်းဒုံးကျည်များဟု ယူဆရသော အရာဝတ္ထုများစွာကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်ကပြောဆိုကြောင်း တောင်ကိုရီးယားအစိုးရပိုင် ယွန်ဟပ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ဒုံးကျည်များသည် ခန့်မှန်းခြေ ၂၁၇ မိုင်ခန့်အထိ ပျံသန်းခဲ့ပြီးနောက် ကုန်းတွင်းပိုင်းကို ကျရောက်ခဲ့ပုံရသည်ဟု အစောပိုင်းက ပင်လယ်ပြင်အတွင်း ကျရောက်နိုင်သည်ဆိုသော ထင်မြင်ချက်ကို ပြောင်းပြန်လှန်၍ တောင်ကိုရီးယားစစ်တပ်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
မိမိတို့စစ်တပ်သည် နောက်ထပ်ပ-စ်လွှတ်မှုများ ရှိလာနိုင်သည့်အတွက် စောင့်ကြည့်မှုကို တိုးမြင့်ထားကာ အမေရိက၊ ဂျပန်တို့နှင့် သက်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေ၍ အသင့်အနေအထားရှိနေသည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားကြောင်း ယွန်ဟပ်က ဖော်ပြခဲ့သည်။
Ref: အယ်ဂျာဇီးယား
