ပျားရည်မှာ အရောင်အမျိုးအမျိုးရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အဝါဖျော့ရောင်ကနေ ပယင်းနက်ရောင်အထိ ပျားတွေ ဝတ်ရည်ယူတဲ့ ပန်းအမျိုးအစားကို မူတည်ပြီး အရောင်တွေ ကွဲသွားပါတယ်။
ဒါပေမဲ့ အခုပြထားတဲ့ ပျားရည်ကတော့ ဂြိုလ်သားတွေလာပြီး လုပ်ထားတယ်လို့တောင် ထင်ရပြီး အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဆန့်ဟဲလ်ဒေသမှာသာ ရရှိနိုင်တဲ့ အလွန်ရှားပါးတဲ့ ခရမ်းရောင် ပျားရည်ပဲ ဖြစ်ပါတယ်။
ဒီပျားရည်နဲ့ ပတ်သက်တဲ့ ပုံတွေဟာ ရက်ဒ်ဒစ်ဆိုတဲ့ အက်ပ်တစ်ခုမှာ ပျံ့နှံ့သွားပြီးတဲ့နောက် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အတုလား အစစ်လားဆိုတဲ့ ဝေခွဲမရတဲ့ ဆွေးနွေးငြင်းဆိုမှုတွေတောင် ရှိခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ကယ်ရိုလိုင်နားသားတွေ အတွက်တော့ ခရမ်းရောင်ပျားရည်ဟာ ယုံတမ်းလုပ်ဇာတ်တွေ မဟုတ်ဘဲ တကယ်ရှိတဲ့ အရာပဲဖြစ်ပါတယ်။ မြည်းစမ်းဖူးတဲ့သူတွေရဲ့ ပြောစကားအရ ခရမ်းရောင် ပျားရည်ဟာ ပယင်းရောင် ပျားရည်တွေထက် ပို၍ ချိုမြိန်ပြီး ခရမ်းရောင်ရှိတဲ့ စပျစ်သီးနဲ့ ဘယ်ရီသီးတွေရဲ့ အရသာလိုမျိုး အရသာခပ်ပါးပါးလေးရတယ်လို့ သိရပါတယ်။
ခရမ်းရောင်ပျားရည်နဲ့ ပတ်သက်ပြီး သီအိုရီတွေ အများရှိနေပေမယ့် ဘယ်သူမှ သေသေချာချာ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမယ့် မြောက်ကယ်ရိုလိုင်းနား ပြည်နယ် တက္ကသိုလ်က ပါမောက္ခ ဂျွန် အန်းဘရို့စ်က အဲဒီပျားရည်ဟာ ပျားတွေရဲ့ အစာအိမ်အတွင်းမှာရှိတဲ့ အက်ဆစ်နဲ့ အလူမီနီယမ်တို့ ဓာတ်ပြုမှုဖြစ်ပြီး ရလာအရောင် ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
သိရသလောက်တော့ မြောက်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းမှာရှိတဲ့ ပန်းတွေထဲမှာ အလူမီနီယမ် ပါဝင်တဲ့ ရာခိုင်နှုန်းဟာ ကမ္ဘာမှာရှိတဲ့ အခြားနေရာမှာထက် ပိုများနေတာကို တွေ့ရပါတယ်။
အခုလိုမျိုး လူအများစိတ်ဝင်စားမှုကို ရရှိလာတဲ့ ခရမ်းရောင်ပျားရည်ဟာ ပယင်းရောင်ပျားရည်တွေထက် ဈေးပိုကြီးနေပေမယ့် ကမ္ဘာ့အနှံ့ကနေ အမှာစာတွေအများကြီး ရရှိနေတယ်လို့ မြောက်ကယ်ရိုလိုင်းနား ပျားမွေးသူတွေက ပြောထားပါတယ်။
Source: Odditycentral
