မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ ၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မစျေးတွင် ဇူလိုင်လ ၁၂ ရက်၊ ညနေပိုင်းက Drop Bomb ဗုံးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စျေးဆိုင်ခန်း (၂၂) ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မစျေးအား Drone ယာဥ်အသုံးပြု၍ Drop Bomb (၂) လုံးဖြင့် ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုများဖြစ်ပွားကာ စျေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စျေးဆိုင်ခန်းများ မီးလောင်မှုအား လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် စျေးသူ၊ စျေးသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ယင်းဖြစ်စဥ်ကြောင့် စျေးဆိုင်ခန်း(၂၂) ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။