တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ကျပ်နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇) သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၃၁) ရက်နေ့က မြိတ်မြို့နယ် တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းမပေါ်တွင် မြိတ်မြို့နယ် ကျွဲကူးကျေးရွာနေ အောင်ထွန်းမင်း (ခ) ကုလား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးစဉ် စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုနောက် နေအိမ်ကို ထပ်မံစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား( ၇ ဒဿမ ၅ ) သိန်းကို ထပ်မံသိမ်းဆည်ရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေ ကျပ် ၂ ဒဿမ ၃၁ ဘီလီယံ တန်ဖိုးရှိကြောင်း သိရသည်။ ဆက်စပ်စစ်ဆေးချက်များအရ မြိတ်မြို့ မြိတ်တောင်ရပ်ကွက်နေ ဆေးပြားများသယ်ဆောင်ခိုင်းသူ အောင်မျိုးလွင် (၄၂) နှစ်ကို ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါ ဆေးပြားများကို ပုလောမြို့နေထိုင်သည့် ကျော်စွာစိုး (ဖမ်းဆီးရန်ကျန်ရှိ) က မြိတ်မြို့ အဝေးပြေးကားဝင်းအဟောင်းသို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ထိုကြောင့် ဖမ်းဆီးရန်ကျန်ရှိနေသည့် ကွင်းဆက်ပြစ်မှုကျုးလွန်သူများကို ဖမ်းဆီးနိုင်ရန် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
