ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် ဒေါနတောင်တက် လမ်းပိုင်း မိုးရွာသွန်းမှုနှင့်အတူ တောင်ပြိုကျသည် ဖြစ်စဉ်ဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်းယာယီ ပတ်ဆို့နေကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
”ကော့ကရိတ်မြို့ထဲကနေ ယာဉ်တွေ မသွားတော့တာ နှစ်ရက်လောက်ရှိနေပြီ။ လမ်းပိတ်တယ်လို့တော့ကြားတယ်။ ဘယ်နေရာမှာတောင်ပြိုပြီး ပိတ်လည်းဆိုတာတော့သေချာမသိရသေးဘူး။”ဟု ၎င်းက ပြောသည်။
မြဝတီ-ကော့ကရိတ် အတက်အဆင်းယာဥ်များမှာ ဇွန်လ (၂၈)ရက်မှစတင်၍ ကော့ကရိတ်မြို့မှတဆင့် ဖြတ်သန်း၍ ဒေါနတောင်တက်လမ်းအား အသုံးပြုခဲ့ပြီးနောက် ဇူလိုင် (၂)ရက်တွင် မိုးရွာသွန်းမှုကြောင့် တောင်ပြိုကျသည့်ဖြစ်စဉ် ဖြစ်ပွားကာ လမ်းပိတ်ခဲ့ရခြင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
” တောင်ပြိုကျလို့ ရှင်းတော့ရှင်းနေကြတယ်ပြောတယ်။ ဒီလမ်းပိုင်းတွေက မိုးရာသီဆိုဒီလိုပါဘဲ။ ရိုးနေပါပြီ။ အဓိက ကတိုက်ပွဲမဖြစ်ဖို့ဘဲဆုတောင်းနေရတာ”ဟု ၎င်းက ဆိုသည်။
ဒေသတွင်းမိုးရွာသွန်းမှုများကြောင့် မြဝတီမြို့သို့သွားလာနိုင်သည့် ထို့ကော်ကိုး လမ်းပိုင်းအပါအဝင် နယ်ခြားစောင့်တပ်(၁၀၁၈) တပ်က ဖောက်လုပ်ပေးထားသည့် လမ်းပိုင်း (ဒေသအခေါ် (၁၈)လမ်း)နှင့် သက္ကတေရွာဘက်မှဖောက်လုပ်ထားသည့် လမ်းပိုင်း(ဒေသအခေါ် ကြက်ဥတောင်လမ်း) တို့မှာ တောင်တက်တောင်ဆင်းလမ်းဖြစ်သည်နှင့်အညီ လမ်းချော်နေသောကြောင့် နယ်စပ်ဒေသကုန်စည် စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် ယမန်နှစ် ဒီဇင်ဘာလမှစတင်ကာ KNLA၊ PDF ပူးပေါင်းတပ်များနှင့်တပ်မတော်တို့အကြား ယနေ့အချိန်အထိ စစ်ရေးတင်းမာမှုများကြောင့် အာရှလမ်းမကြီးအား ယာယီပိတ်ထားရဆဲဖြစ်သည်။
ဓာတ်ပုံ-CJ
