ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး မြေပြိုကျခဲ့သည့် နေရာ၌ ကားလေးများ ဖြတ်သန်းသွားလာနိုင်စေရန် ဘေးရှောင်လမ်းဖောက်လုပ်လျက်ရှိပြီး ရက်ပိုင်းအတွင်း ပုံမှန်သွားလာနိုင်မည်ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ် ၇ ရက်က ဖြစ်ပွားခဲ့သည့် တောင်မြေပြိုကျမှုကြောင့် လတ်တလော သွားလာရေး အခက်အခဲ ဖြစ်နေသည့်အတွက် ကနဦးအနေဖြင့် ရှောင်ကွင်းလမ်း ဖောက်လုပ်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။
အဆိုပါ ရှောင်ကွင်းလမ်းဖောက်လုပ်ပြီးပါက မြဝတီ – ကော့ကရိတ် အာရှလမ်းမှ ကားသေးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ဘေးတောင်ကြောအား ရှင်းလင်းကာ လမ်းဖောက်လုပ်နေကြောင်း သိရသည်။
“လက်ရှိတော့ ဘာမှ မထူးသေးဘူးဗျ။ ရက်ပိုင်းအတွင်းတော့ အဆင်ပြေသွားမှာပါ။”ဟု ဒေသခံ တစ်ဦးက ပြောသည်။
မြဝတီ – ကော့ကရိတ်သွား အာရှလမ်း၌ မြေပြိုကျမှုကြောင့် လမ်းအသုံးပြုသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယာယီဘေလီတံတားထိုးရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ယင်းကဲ့့ ယာယီဘေလီတံတားထိုးခြင်း မပြီးစီးမှီ ကနဦးအသုံးပြုနိုင်ရန် ဘေးရှောင်လမ်းဖောက်လုပ်ခြင်းကို ဦးစွာလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“လမ်းပြိုကျတဲ့နားမှာ တောင်ကြောကို ယန္တရားတွေနဲ့ ဖဲ့ချပြီး ဘေးရှောင်လမ်းဖောက်ဖို့ အရင်လုပ်နေတယ်။ ဘေးရှောင်လမ်းပြီးရင်တော့ ကားလေးတွေကို ဖြတ်ခိုင်းမယ်ပြောတယ်။ ထိုက်သင့်သလောက် အဆင်ပြေသွားမှာပါ။ အခု လမ်းဟောင်းက လမ်းကျဉ်းပြီး လမ်းဆိုးတော့ သွားရလာရတာ အဆင်မပြေဘူး။”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ အာရှလမ်းသစ် မြေပြိုကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဩဂုတ် ၇ ရက်မှစတင်ကာ လက်ရှိအချိန်ထိ ထိုင်း – မြန်မာ ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေပြီး ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြို၊ လမ်းပြိုမှုများကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
Photo-Sett Paing Aung
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6258151823315678179_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6258151823315678180_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6258151823315678181_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6258151823315678182_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6258151823315678183_x.jpg)