မြဝတီမြို့၌ ဖြစ်ပွားခဲ့သည့်မီးလောင်မှုဖြစ်စဥ်တွင် ဆိုင်ပိုင်ရှင်အမျိုးသမီး နှလုံးရှော့ဖြစ်၍ ဆေးရုံသို့ပို့ဆောင်ခဲ့
ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊မေတ္တာလမ်းတွင် စက်တင်ဘာ ၃ ရက်ညပိုင်းက ကုန်စုံဆိုင်တစ်ဆိုင်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်အလင်းသစ်လူမှုကူညီရေးအသင်းတို့မှ သိရသည်။
ယင်းနေ့ည ၇ နာရီခန့်က မေတ္တာလမ်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင်၊အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီထေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြိမ်းသတ်ခဲ့မှုကြောင့် ည ၈ နာရီ ၂၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
“မီးလောင်တဲ့အကြောင်းရင်းကိုတော့မသိပါဘူး ဆိုင်ပိုင်အမျိုးသမီးက နှလုံးရောဂါအခံရှိတော့ ရှော့ဖြစ်ပြီး ဆေးရုံကိုအရေးပေါ်ပို့ပေးခဲ့ရပါတယ် တခြားထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု အလင်းသစ်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အတူ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှလည်း မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။