ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့ရှိ ဂိမ်းလော-င်းကစားရုံများ နှင့် အာဝါဒေး ကစားဝိုင်းများအားလုံး ပိတ်သိမ်းပြီးဖြစ်ကြောင်း မြဝတီမြို့အခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလားနယူးစ်ကို ပြောသည်။
“ကျွန်တော်တို့ အားလုံးပိတ်ထားလိုက်ပါပြီ”ဟု ပြောသည်။
ယခုနှစ် ဇန်နဝါရီ (၃၁)ရက်၌ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ဌာနချုပ်မှ မြဝတီမြို့နှင့်အနီးတဝိုက်တွင် ဖွင့်လှစ်ထားသော ဂိမ်းဆိုင်နှင့် အာဝါဒေးများအားလုံး ပိတ်သိမ်းရန်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်ပိုင်း ယင်းသို့လိုက်လံပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့ရှိ ဂိမ်းဆိုင်းနှင့် အာဝါဒေးကစားဝိုင်းများနှင့်ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဗဟိုစစ် ဌာနချုပ်တွင် ကျင်းပသော (၁/ ၂၀၂၅) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ တပ်ဖွဲ့ဝင်များအားလုံး တပ်မိသားစုသက်သာချောင်ချိရေးအတွက် တာဝန်ခံဖွင့်လှစ်ထားသော ဂိမ်းဆိုင်နှင့် အာဝါဒေးကစားဝိုင်းများ ပိတ်သိမ်းရန်သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် စစ်ကွပ်ကဲရေးများ၊ ဗျူဟာများ၊ တပ်ရင်းများ၊ ဌာနများနှင့် စစ်ကြောင်းများမှ တာဝန်ခံထားသော ဂိမ်းဆိုင်နှင့် အာဝါဒေးများ အားလုံးအပြီးတိုင် ပိတ်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ညွှန်ကြားချက်ထုတ်ခဲ့ခြင်းဖြစ်သည်။
“အခုရက်ပိုင်း မြဝတီမြို့ပေါ် ရပ်ကွက်တွေထဲက ဂိမ်းဆိုင်တွေကို အဖွဲ့စုံနဲ့ လိူက်ပြီးပိတ်ခိုင်းတာရှိတယ်။ သတ်မှတ်ရက်မပိတ်ရင် သူတို့ကိုယ်တိုင်လာပြီးပိတ်တာမျိုးတွေလုပ်တယ်။ အခု မြဝတီမြို့က တော့ ဂိမ်းနဲ့ အာဝါဒေးကင်စင်နေသလောက်ရှိနေပြီ။ ဂိတ်ထဲတွေတော့ မပြောတတ်ဘူး”ဟု မြဝတီဒေသခံတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ပိတ်သိမ်းလိုက်သည့် ဆိုင်အရေအတွက်မည်မျှရှိသည်ကို ၎င်းအနေဖြင့် သီးခြားမှတ်ချက်ပေးရန် ငြင်းဆိုသည်။