မြဝတီမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ်များပြသပြီး အရောင်းအဝယ်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို နိုဝင်ဘာ (၂၅) ရက်က ဖမ်းဆီးခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
TikTok လူမှုကွန်ရက်စာမျက်နှာ၌ @naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များပြသကာ အရောင်းအဝယ်ပြုလုပ်နေသည်ကိုတွေ့ရှိရပြီး အကောင့်ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက် (၂၆) နှစ်ဖြစ်ကြောင်း သိရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကောင့်ပိုင်ရှင်သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သစ်တပင်လမ်း၊ အမှတ် (၄/၀၀၃၈) ၌ နေထိုင်ကာ ခြံဝင်းအတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များထားရှိ၍ အရောင်းအဝယ်ပြုလုပ်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နောင်မင်းဆက်အား YGN-7 1P-4273 ΤΟYOTA LEXUS ၊ KYN-4 9K-6698 BMW၊ KYN-7 5K-6318 TOYOTA LEXUS အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး၊ စိစစ်ဆဲ မော်တော်ယာဉ် ၁ စီး၊ ပေါင်း ၄ စီးတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
လိုင်စင်မဲ့မော်တော်ယာဉ်များအား လူမှုကွန်ရက်အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ နောင်မင်းဆက်ကို မြဝတီမြို့မရဲစခန်း (ပ) အမှတ် ၂၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး အလားတူ အကောက်ခွန်မဲ့ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား စီးနင်းအသုံးပြု၊ အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
