မြန်မာ-ရုရှား-ဘယ်လာရုစ် (၃)နိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင်ဆက် လက်ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr. Alexander Ostrovsky တို့အား အောက်တိုဘာ ၈ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်၍ ဂီတဖျော်ဖြေပွဲများပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကြား ပေါင်းကူးတံတားသဖွယ်ရင်းနှီးမှုကိုတိုးမြှင့်ရရှိမည်ကိုယုံကြည်သည်ဟု ပြောသည်။
ထို့ကြောင့် မြန်မာ-ရုရှား-ဘယ်လာရုစ် (၃)နိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဆက်လက်ကျင်းပသွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
ထို့နောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်တို့က မြန်မာနိုင်ငံသည် ကိုယ်ပိုင်ယဉ်ကျေးမှုရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများက ယဉ်ကျေးပျူငှာဖော်ရွေမှုရှိကာ ဂီတဖျော်ဖြေပွဲများပြုလုပ်ခွင့်ရသဖြင့် နှစ်နိုင်ငံပြည်သူများကြား ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ခွင့်ရရှိ၍ကျေးဇူးတင်သည်ဟု ပြောကြားခဲ့ကြသည်။
