အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်နှင့် အခွန်ကောက်ခံမှုဆိုင်ရာ သဘောတူညီချက်များလည်းပါဝင်နိုင်
မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည်
နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့် မြန်မာ-ဘယ်လာရုစ် အစိုးရအချင်းချင်းသဘောတူညီချက် မူကြမ်းများကို မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့် မြန်မာ-ဘယ်လာရုစ် အစိုးရအချင်းချင်း သဘောတူညီချက် မူကြမ်းသုံးခုကို ဆွေးနွေးညှိနှိုင်းမှုအတွက် အခြေခံအဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။
အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်မူကြမ်းအရ ဘယ်လာရုစ်နိုင်ငံသားများသည် မြန်မာနိုင်ငံနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းနှင့် ဖြတ်သန်းသွားလာခြင်းတို့ကို ဗီဇာမလိုဘဲ နေထိုင်ခွင့်ရက်သည် ဝင်ရောက်သည့်နေ့မှစ၍ ရက် ၃၀ ထက် မကျော်လွန်ပါက ( ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ရက် ၉၀ အထိ ) ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် အကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကူပေးရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းတို့ကို နှစ်နိုင်ငံအကြား အပြန်အလှန်ဆောင်ရွက်ရမည် လုပ်ထုံးလုပ်နည်းများကို ပြဌာန်းထားကြောင်း သိရသည်။
ဝင်ငွေခွန်များနှင့်စပ်လျဉ်း၍ အခွန်ထပ်မံကောက်ခံခြင်းကို ဖယ်ရှားပေးရန်နှင့် အခွန်ရှောင်ရှားခြင်းနှင့် အခွန်လိမ်လည်ခြင်းမှ ကာကွယ်ရန်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မူကြမ်းကိုလည်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံ၏ အခွန်ထမ်းနေထိုင်သူများ၏ ဝင်ငွေအပေါ် အခွန်ထပ်မံကောက်ခံခြင်းကို ပယ်ဖျက်ရန်အတွက် နိုင်ငံများ၏သက်ဆိုင်ရာအာဏာပိုင်များအကြား အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်ကြောင်း သိရသည်။
