နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ၁၆ စောင် လက်မှတ်ရေးထိုး
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်ကြသည့် UMFCCI နှင့် BelCCI တို့ ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဖိုရမ် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစီးပွားရေးဖိုရမ်၏ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခြင်းအစီအစဉ်တွင် စုစုပေါင်းစာချုပ် ၁၆ စောင်အား အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
မြန်မာ-ဘယ်လာရုစ် ပူးတွဲကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ဘယ်လာရုစ်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) နှင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဆိုင်ရာကိစ္စရပ်များအပေါ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီး H.E.Mr.Andrei KUZNETSOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ (MoI) ကို လက်မှတ်ရေးထိုးပြီးဖြစ်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊အဆိုပါ MoI နှင့် Roadmap တို့အပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏အလားအလာရှိသည့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့်အခွင့်အလမ်းများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် ကင်ဆာရောဂါကုသဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် ကင်ဆာရောဂါကုသဆေးဝါးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာသင်ကြားလေ့ကျင့်မှုကိစ္စရပ်များကိုလည်းကောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ MSME ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ MSME ထုတ်ကုန်များ ဈေးကွက်ရရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်အစားအစာဝန်ကြီး H.E.Mr.Yury GORLOV နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆန်၊ရော်ဘာ၊အခွံမာသီး၊ သစ်သီး၀လံနှင့်ကော်ဖီတင်ပို့နိုင်ရေးနှင့် ဘယ်လာရုစ်မှ ဒိန်ခဲနှင့် ထောပတ်တင်သွင်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
