မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက ဆွေးနွေးပြောကြားသည်။
UEC ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရန်အတွက် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥက္ကဋ္ဌ Mr. Alexei Bashan နှင့် ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာနှင့် လွယ်ကူမှန်ကန်စွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အများယုံကြည်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို UEC ဥက္ကဋ္ဌဦးသန်းစိုးက ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့် အစီအစဉ်များ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နေမှုများကိုလည်း UEC ဥက္ကဋ္ဌဦးသန်းစိုးက ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥက္ကဋ္ဌမှလည်း ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက်အရေးပါသည့် ရွေးကောက်ပွဲကြီးကို ထောက်ခံအားပေးမှု၊ ယခုလိုလာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူကာ အထူးကျေးဇူးတင်ရှိမှု၊ ဘယ်လာရုစ်နိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ရမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
