မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko ၏ ခရီးစဥ်အတွင်း၌ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်း ပြမြေပုံ (၂၀၂၆-၂၀၂၈) ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအပါအဝင် စာချွန်လွှာအများအပြားကိုလက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ကြား နှစ်နိုင်ငံတွေ့ ဆုံဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ ၂၈ နံနက်ပိုင်းကနေ ပြည်တော်ရှိ သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ကျင်းပပြီးချိန်တွင် နှစ်နိုင်ငံပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးတို့က မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
မြန်မာ-ဘယ်လာရုစ်သမ္မတနှစ်နိုင်ငံကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင်သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ၊ တရားမဝင်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာများတွင် ဥပဒေရေးရာအပြန်အလှန် အကူအညီပေးရေးသဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးပြီး စာချွန်လွှာများကိုအပြန်အလှန်လဲ လှယ်ခဲ့ကြသည်။
အဆိုပါ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ဘယ်လာရုစ်နိုင်ငံသမ္မတ၏ ယခု ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆ -၂၀၂၈) ၊ နှစ်နိုင်ငံကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အပါအဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာများကိုလက်မှတ်ရေးထိုးသွားမည်ဖြစ်၍ များစွာဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ ဘယ်လာရုစ်နိုင်ငံသမ္မတမှလည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ချိန်တွင် မည်သည့်ပြင်ပနှောင့်ယှက်စွက်ဖက်မှုများရှိနေပါစေ တစ်စိုက်မတ်မတ်ဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး ယနေ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို လက်မှတ်ရေးထိုးရာ ယင်းလမ်းပြမြေပုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်သည့် အချက်များစွာပါဝင်သဖြင့် အဆိုပါ လမ်းပြမြေပုံအတိုင်းဆောင်ရွက်ပါက နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံစက်မှုလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောကြားခဲ့သည်။
