မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရန်လိုအပ်၍ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow တို့ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ယာယီသမ္မတမှ ထိုင်းနိုင်ငံခြားရေးဝန် ကြီး H.E. Mr.Sihasak Phuangketkeow အား ယနေ့ ဒီ ဇင်ဘာ ၇ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့်သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ် ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံကြားသဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေးဆက်လက်ဆောင် ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးသည် မရှိမဖြစ်လိုအပ်၍ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြားပူးပေါင်းပြီး ထိန်းသိမ်း ဆောင် ရွက်ရန်၊ နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေ သရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ် ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အ ဆောက်အဦများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်း များတရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ယခုလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေး ကောက်ပွဲကျင်းပပြုလုပ်ရန်ဆောင်ရွက်မှု၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
