မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးလွင်ဦးသည် ယနေ့ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့သို့ ရန်ကုန်လေဆိပ်မှတစ်ဆင့်ထွက်ခွာသွားခဲ့သည်။
အဆိုပါ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်)ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပသွားမည်ဖြစ်သည်။
ဖိုရမ်အား မြန်မာ-တရုတ် နှစ်နိုင်ငံကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်ကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကြား အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ယင်း ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံဘက်နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့ကြား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြပြီး ယခုနှစ် ဖိုရမ်သို့ နိုင်ငံခြားရေး ဒု-ဝန်ကြီးနှင့်အတူ ဝန်ကြီးဌာန(၁၂)ခုမှ ကိုယ်စားလှယ်(၁၅)ဦး ၊ UMFCCI မှကိုယ်စားလှယ်များလိုက်ပါသွားခဲ့သည်။