မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့ ဆွေး နွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည်ဖြစ်၍ ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံတွင် ကူညီဆောင်ရွက်နိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်ကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများကို မြှင့်တင်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတိုးတက်ရန် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ နှစ်ဖက်တာဝန်ရှိသူများ ချစ်ကြည်ရေးခရီးစဥ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။