ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို ပြည်ပတင်ပို့ရာတွင် ပို့ကုန်ဝင်ငွေကို အများဆုံးရှာဖွေပေးနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အဓိကစားသုံးသူဖြစ်ပြီး မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံမှ အဓိက ဝယ်ယူခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပပဲတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်အထိ ရရှိရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း တို့ကို ဝယ်ယူတင်သွင်းရန် မြန်မာနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးထားသည်။
မြန်မာနိုင်ငံတွင် အဓိက သီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်သည်။
နှစ်စဉ် ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက် ပစ္စည်းထွက်ရှိမှု၏ (၃၃) ရာခိုင်နှုနစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀) ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂) ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်းလည်း သိရသည်။