ယခုနှစ်ပြောင်းရာသီတွင် ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တန်ချိန် ၈သိန်းတင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။
ယခုနှစ် ပြောင်းစတင်ပေါ်သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ လေးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၈ သိန်းတင်ပို့ထားခြင်းဖြစ်သည်။
ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပုံမှန်အတိုင်း ပြောင်းတင်ပို့နေသလိုယနေ့(မတ်လ ၁ ရက်)မှစတင်ပြီး ထိုင်းနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အခွန်ကင်းလွတ်ခွင့်နှင့် ကုန်သည်များက ပြောင်းစတင်တင်ပို့နေပြီဖြစ်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ရသည့်ကာလမှာလည်း မတ်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်အထိသာ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေကြောင်း၊ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိကြောင်း သိရသည်။


