မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တရုတ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhou Wenyi တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုကို ဇွန် (၇) ရက်၊ နံနက် (၉) နာရီခွဲတွင် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Custom of the People’s Republic of China) ရုံးချုပ်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ထောပတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ကျွဲကောသီးစသည့် ရာသီပေါ်သီးနှံများ အပါအဝင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ မက္ကဒေးမီးယား၊ နာနတ်သီး၊ ပဲပုတ်၊ ကန်စွန်းဥ၊ ကွမ်းသီးနှင့် တိရစ္ဆာန်အစားအစာ စသည့် ထွက်ကုန်ပစ္စည်းသစ်များ တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ သဘာဝရေထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ၊ အေးခဲသားငါးများကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့ရေး၊ နှစ်နိုင်ငံကြား ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ရေးအတွက် protocol လက်မှတ်ရေးထိုးနိုင်မှု၊ ကွတ်ခိုင် ခွာနာလျှာနာ ရောဂါကင်းရှင်းရေးဇုန်စစ်ဆေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ – တရုတ် နယ်စပ်ဂိတ်များတွင် ပုပ်သိုးလွယ်သည့် ရာသီပေါ်သီးနှံများအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ဆိုင်ရာ စစ်ဆေးမှုများကို လျင်မြန်စွာဆောင်ရွက်ပေးရေး စသည်တို့ကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။