နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ပြုလုပ်သည့် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့်ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးပညာနှင့်ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် အစွမ်းထက်မြက်သော မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်း၊ ကုထုံးများပေါ်ထွက်လာစေရန် ဆေးပစ္စည်းများ၏ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ တိုင်းရင်းဆေးဝါးများအား သိပ္ပံနည်းကျသုတေသနပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်သည်ဟု မှာကြားသည်။
ထို့ပြင် သိမ်မွေ့ နက်နဲသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် ဆေးကျမ်းများနှင့်အာနိသင်ထက်မြက်သည့် ဆေးဝါးများ၏ အနှစ်သာရအဆီအနှစ်များကို စုစည်း၍ အမျိုးသားအမွေအနှစ် ဆေးပညာရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာအမွေအနှစ်ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အရိုးပေါ်အရွက်မဖုံးစေဘဲ အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားဖို့လည်း လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။
မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်မှ အထူးအားပေးဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်၍ တိုင်းရင်းဆေးပညာရှင်များ၏ ဆေးပညာကျင့်ဝတ်ထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးစေလိုသည်ဟု ဆိုသည်။
ထို့ပြင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကျင်းပနိုင်ခြင်းကြောင့် မြန်မာ့တိုင်းရင်းဆေးနှင့်ပတ်သက်သည့် သက်ဆိုင်သူများအားလုံးအတွက် အထူးအကျိုးဖြစ်ထွန်းစေမည်ကို ယုံကြည်သည်ဟု နစက ဥက္ကဋ္ဌကဆိုသည်။
