မြန်မာ့ဆန်စပါး ထုတ်လုပ်မှုတိုးတက်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ ဆွေးနွေးမှုကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်အသင်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ Pathein Industrial City အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာ့ဆန်စပါးထုတ်လုပ်မှု တိုးတက်စေရန်၊ MSME ဆန်စက်လုပ်ငန်းများ ရှင်သန် ရပ်တည်နိုင်ရေးအတွက် Exporter ကုမ္ပဏီကြီးများနှင့် စျေးကွက်ချိတ်ဆက်ပြီး ကာလတိုချေးငွေ ရရှိရေး ဆောင်ရွက်နိုင်စေရန်၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်စေရန်၊ (၁၀) ဧက အထက်လယ်ပိုင်သော တောင်သူကြီးများ၏ ပူးပေါင်းမှုဖြင့် တစ်ဧက အထွက်တိုးစေရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဆန်စပါးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။