၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့အဖြစ် နိုဝင်ဘာ ၁၉ ရက်က ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲ အမှတ် (၂၄၇)မှ အတွဲအမှတ် (၄၈၉) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချရကြောင်း ကြေညာခဲ့သည်။
ပြပွဲ ဒုတိယနေ့(နိုဝင်ဘာ ၁၈ ရက်)က ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၄၆) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၂၄ တွဲ ရောင်းချရကြောင်း ကြေညာခဲ့သည်။
ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
ယခုပြပွဲကို နိုဝင်ဘာ ၁၇ ရက် မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိရာ ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး ပြပွဲတွင် အသုံးပြုမည့် နိုင်ငံခြားငွေအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံ သည့် နိုင်ငံခြားငွေအမျိုးအစားတို့ဖြစ်သည်။
ပုလဲအတွဲများကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲများ အားလုံးကို နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ အုပ်စု (အေ၊ ဘီ၊ စီ) အဖြစ် (၃) အုပ်စုခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Photo- MOI
