မြန်မာနိုင်ငံမှ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ်ကျင်းပသည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee – ABC) အစည်းအဝေးကို ဘရပ်ဆဲလ်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးလင်းဟန်ကယမန်နေ့ ဇူလိုင်လ (၂၀) ရက်တွင် ဦးဆောင်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း ဇွန်လ (၂၆) ရက်က ကျင်းပသည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဥရောပသမဂ္ဂဥက္ကဋ္ဌ Charles Michel ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ Mr. Simon Mordue နှင့်အာဆီယံသံ အမတ်ကြီးများ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုခြင်း၊ မကြာမီက ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အကြိမ် (၃၀) မြောက် အာဆီယံဒေသတွင်း အစည်းအဝေး (30th ARF) နှင့် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် အာဆီယံ-အီးယူ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ရလာဒ်များအား ဆွေးနွေးခြင်းနှင့် မြန်မာသံရုံးမှ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်၊ဇူလိုင်လမှဒီဇင်ဘာလအထိ ကာလအတွက် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံ အမတ်ကြီးက ပြောကြားရာ၌ မြန်မာသံရုံးမှ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း အာဆီယံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားတို့အား မြှင့်တင် ဆောင်ရွက်ရေးဟူသော အာဆီယံ၏ မူဘောင်နှင့် ရည်မှန်းချက်များကို ကိုင်ဆွဲသွားရန်နှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီသည် အာဆီယံ သံရုံးများနှင့် အီးယူအကြား ဆွေးနွေးညှိနှိုင်းမှုနှင့် ထိတွေ့ဆက်ဆံမှုပြုရာ ကြားခံရပ်ဝန်းတစ်ခုဖြစ်သည့် အားလျော်စွာ မြန်မာသံရုံးအနေဖြင့် လက်ရှိ ဆက်ဆံရေး အရှိန်အဟုန်ကို ဆက်လက်ထိန်း သိမ်းသွားရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။