“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများအတွက် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)သို့ ဇွန် (၁၁)ရက် နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေကျပ် (၁၆၇) သိန်းနှင့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ တီရှပ်များ၊ စားသုံးဆီများကို မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်နှင့် အဖွဲ့ဝင်များကလှူဒါန်းရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
UMFCCI သည် “မိုခါ”မုန် တိုင်းဒဏ်သင့်ဒေသများ၌ ပျက်စီးသွားခဲ့သည့် အဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများကို လုံလောက်စွာထောက်ပံ့ပေးပို့လှူဒါန်းလျက်ရှိသည်။
ထို့ပြင် မုန်တိုင်းဒဏ်သင့်ဒေသများ၌ နေထိုင်သူများအတွက် အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊အလှူငွေများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ထိရောက်စွာလှူဒါန်းပေးလျက်ရှိကြောင်းလည်း သိရသည်။