လာမည့် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဖျော်ဖြေပွဲတွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲများ ပြသခြင်း၊ ဇာတ်လမ်းတိုများဖြင့် သရုပ်ဖော်တင်ဆက်ခြင်းနှင့် ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက KBZ Group ၏ နာယကဖြစ်သူ အလှူရှင် ဒေါ်နန်းလိုင်ခမ်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် ရုပ်ရှင်အနုပညာရှင်များအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
