တောင်ကိုရီးယားနိုင်ငံမှ ယခု ၂၀၂၄ ခုနှစ်အတွက် ဒုတိယအသုတ်အနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော် ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
EPS စနစ်အကျုံးဝင် ကုန်ထုတ်လုပ်ငန်းအတွက် (၂၅၉၀၆) ဦး၊ စိုက်ပျိုးနှင့် မွေးမြူရေး လုပ်ငန်းအတွက် (၄၉၅၅) ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် (၂၀၅၆) ဦး ဝန်ဆောင်မှုလုပ်ငန်းအတွက် (၄၄၉၀) ဦး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်္ဘောကျင်း လုပ်ငန်းအတွက် (၁၈၂၄) ဦးနှင့် ရေလုပ်ငန်းအတွက် (၂၈၄၉) ဦးကိုလည်း ထပ်မံခေါ်ယူသွားမည်ဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ EPS လုပ်သားများကို ယခင်ထက် တိုးမြှင့်ခေါ်ယူလျက်ရှိပြီး တရားဝင်ရောက်ရှိ လုပ်ကိုင်နေသူဦးရေ (၇၀,၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတ နိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းများသို့ (၁၀၆၁၁) ဦး စေလွှတ်ထားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံ ခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။