မြန်မာနိုင်ငံမှ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ(Authorized Economic Operator -AEO) အသိမှတ်ပြု ကုမ္ပဏီများဖြစ်သည် ရန်ကုန် လှိုင်သာယာစက်မှုဇုန်ရှိ UPG Paint & Coating Co, ltd နှင့် သီလဝါဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ Wilmar Myanmar Riceland Limited တို့ကို မြန်မာအပါအဝင် နိုင်ငံ(၅)နိုင်ငံက အကောက်ခွန်ကိုယ်စားလှယ်အဖွဲ့တို့က မြေပြင်ကွင်းဆင်းပူးပေါင်းအကဲဖြတ် အတည်ပြုခြင်းများကို နိုဝင်ဘာ(၆)ရက်နှင့်(၇)ရက်နေ့တို့ ၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာအကောက်ခွန် ၊ အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ အကောက်ခွန်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် အသိမှတ်ပြုထားသည့် လုပ်ငန်းစဉ်များသည့် WCO Guideline များနှင့်အညီ အကောင်ထည်ဖော်ဆောင်ရွက်ထားခြင်းရှိမရှိ၊ AEO အသိမှတ်ပြု ကုမ္ပဏီများအနေဖြင့် ဥပဒေစည်းမျည်းစည်းကမ်းများကို လိုက်နာခြင်းရှိမရှိ စိစစ်အကဲဖြတ်ခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွင်းဆက်လုံခြုံရေးအစီအမံများကို ကျင့်သုံးဆောင်ရွက်ထားခြင်း ရှိမရှိစသည့် အစီအမံများကို စိစစ်အကဲဖြတ်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မြေပြင်ကွင်းဆင်းပူးပေါင်းအကဲဖြတ်အတည်ပြုခြင်းကို အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သဖြင့် အာဆီယံနိုင်ငံများအတွင်း အခွင့်ရ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုခြင်းအစီအစဉ်( AAMRA) ကို ဒီဇင်ဘာလတွင် အပြည့်အဝ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
