လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက် ရုံများမှထွက်ရှိသည့်ဓာတ်အားများကို မြန်မာနိုင် ငံတောင်ပိုင်းသို့ ဗို့အားအဆင့် ၂၃၀ ကေဗွီဓာတ် အားလိုင်းဖြင့် ပို့လွှတ်လျက်ရှိသည်။
ထိုသို့ ပို့လွှတ်ရာတွင် ဓာတ်အားစနစ်အတွင်း အ ရန်ဓာတ်အားလိုင်းမရှိ၍ ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်းတည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း (System Breakdown)ဖြစ်ပေါ်တတ်သည်ဟု သိရသည်။
ယင်း အခြေအနေမှကာကွယ်နိုင်ရန်နှင့်မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရန်ရည်ရွယ်၍ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ)ဓာတ်အားလိုင်းစီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တည်ဆောက်ခဲ့ရာ ယခုအခါတွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။
ထို့ကြောင့် ဓာတ်အားလိုင်းရာနှုန်းပြည့်ပြီးစီးနိုင်ရန် တောင်ငူပင်မဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၁၇ ရက်(ယနေ့)နှင့် ၁၈ ရက်တို့တွင် နေ့စဉ်နံနက် ၆ နာရီမှည ၇ နာရီအထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။
လုပ်ငန်းများဆောင်ရွက်ချိန်၌ နိုင်ငံတော်ဓာတ် အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အားခန့်မှန်း(၁၅၀ မဂ္ဂါဝပ်ခန့်)လျော့နည်းမည်ဖြစ်သော်လည်း ညပိုင်းတွင် ပြည့်ဝစွာပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်နေစဉ် ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံ တော်ဓာတ်အားစနစ်ကို ထိန်းညှိမောင်းနှင်၍ ဆက်လက်ဖြန့်ဖြူးနေမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ချိန်အတွင်း အချို့နေရာများ၌ ဝန်အားလျှော့ချခြင်းလုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမည်ဖြစ်၍ ပြည်သူ များအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ၅၀၀ ကေဗွီ ဓာတ်အားစနစ်ပြီးစီးပါက နိုင် ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မြန်မာနိုင်ငံအ တွင်းလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ပြည့် မီစွာဖြည့်ဆည်းပေးနိုင်ရန် ဓာတ်အားပေးစက်ရုံများ၊ဓာတ်အားလိုင်းများနှင့်ဓာတ်အားခွဲရုံများအား ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
