မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့်အကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိကျင်းပလျက်ရှိသော (၄၇)ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာမီ ပြည်သူများ၏ဆန္ဒကိုထင်ဟပ်စေမည့် အားလုံးပါဝင်ပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံအ ထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာမှ လေ့လာသူများ လာရောက်လေ့လာရန်ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံအနေ ဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။
အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းရာတွင် မြန်မာနိုင်ငံကအပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကာ အာဆီယံအသိုက်အဝန်းထူထောင်ရေးမျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးကိုလည်း အပြည့်အဝပူးပေါင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရသည် မိမိတို့နိုင်ငံ၏ ဦးတည်မျှော်မှန်းချက်များနှင့် မြေပြင်အခြေအနေတို့အပေါ်မူတည်၍ အာဆီယံထုတ်ပြန်ကြေညာချက်(တူညီဆန္ဒ)(၅)ချက် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံ-ရုရှားမိတ်ဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူးနိုင်ငံအဖြစ် အာဆီယံနှင့် ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်စေရန် ပေါင်းကူးသဖွယ်ပူးပေါင်းဆောင်ရွက်ပေးနေကာ ဒေသတွင်းပေါင်းစည်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုအထူးလိုလားသည့်အဖွဲ့ဝင်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်ကောင်းပီသစွာဖြင့် တီမောလက်စ်တေနိုင်ငံက အဖွဲ့ဝင်ဖြစ်လာမည့်အပေါ် ကြိုဆိုကာ အာဆီယံအသိုက်အဝန်းထူထောင်ရေးတွင်လည်း အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့အတူ အမြဲတမ်းအတွင်းဝန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးဝန်ကြီးများပူးတွဲအစည်းအဝေး၌ ဒေသတွင်းပေါင်းစည်းရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ပင်မထောက်တိုင်တစ်ခုဖြစ်၍ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်တို့ကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြမည်ဟု အကြံပြုပြောကြားခဲ့သည်။
အောက်တိုဘာ ၂၅ ရက်က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံ ရေးအသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၇)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးဝန်ကြီးများပူးတွဲအစည်းအဝေးတို့ကိုကျင်းပခဲ့သည်။
ယင်း အစည်းအဝေးများ၌ အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ အာဆီယံထုတ်ပြန်ကြေညာချက်(တူညီဆန္ဒ)(၅)ချက်အကောင်အထည်ဖော်ရေး၊ အာဆီယံ မိတ်ဖက်ဆက်ဆံရေးဆိုင်ရာများ၊ တီမောလက်စ်တေနိုင်ငံမှ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စီးပွားရေးအသိုက်အဝန်းတို့ကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
