ဧရာဝတီမြစ်ရေအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေများအားလုံးသည် စက်တင်ဘာလ၏ ပထမ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးခဲ့သည်။
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေခွဲမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၁)ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၂)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)ပေခွဲခန့်နှင့် မဒေါက်မြို့တွင် (၃)လက်မခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၂)ပေခွဲခန့်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ပေဝက်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခွဲခန့်နှင့် ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် (၁)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်သည်ဟု အသိပေးခဲ့သည်။
